ပြောစရာ အကြောင်းများရှိသော်လည်း
စက္ကူပေါ် တွင် မှင်ဖြင့်ရေးခြင်းကို
ငါ အလိုမရှိ.....................
(သမ္မာကျမ်းစာ)
၁)
အဲ့ဒီနေ့ က
မြူတွေဝေတယ် မိသံစဉ်
ငါတို့  အတူရှိစဉ်က လိုပေါ့.....................
၂)
ကြားနိုင်မယ်ထင်လို့ 
ဝေဒနာကို သီချင်းလုပ် ဆိုပြခဲ့ မိတာပါ
ဒါပေမယ့်
နတ်ဆိုးတစ်ကောင်ရဲ့ ဂီတသံဟာ
ခင်ဗျားအတွက်တော့
တစ္ဆေခြောက်သံ ဆန်နေမယ်ဆိုတာ
ကျွန်တော် သတိမထားခဲ့ မိဘူး မိသံစဉ်.......
မှော်ဆရာတစ်ယောက် သူရဲ့ ကြိမ်လုံးလေးကို မြတ်နိုးသလို
ကမ္ဘာဦးလူတွေ မီးကို ကိုးကွယ်သလို
(ကျွန်တော်) ခင်ဗျားအပေါ်
ရူးသွပ်မိုက်မဲ ခဲ့ပါတယ် မိသံစဉ်ရယ်............
၃)
ကျွန်တော် သူရဲကောင်းလည်း မဖြစ်ချင်ဘူး မိသံစဉ်
(တရုတ်ကားတွေထဲ က လို)
တစ်ထည်တည်းသော အင်္ကျီ ကို ၀တ်
ဒါး အလေးကြီး လွယ်ပြီး
လျှောက်မသွားချင်ဘူး
နောက်ပြီး ..................
လက်နက်ပုန်းတွေနဲ့  ပစ်မှာကိုလည်း
(ကျွန်တော်) ကြောက်တယ် မိသံစဉ်ရယ်
၎)
ဘယ်သူမှ စစ်တလင်းထဲ ခုန်မဆင်းချင်ဘူးတဲ့ 
အဲ့ဒီစကားကို ရွတ်ရင်း
ခင်ဗျားဘေးက ရာမနေရာမှာ နောက်ထပ် ရာမတစ်ကောင်ဖြစ်လာတယ်
ကျွန်တော့်အတွက်တော့ ဘီလူး ဆိုင်းတီးမြဲ
၅)
သတိရရင် သတိရတယ်လို့ ပြောခွင့်ရှိချင်တယ်
လွမ်းရင် လွမ်းတယ်လို့ ပြောခွင့်ရချင်တယ် မိသံစဉ်
ခုတော့
စကားလုံးတွေ မျိုမျိုချရတာ
အူပေါ်စကားလုံး လျှံမှာတောင် ကြောက်နေရတယ်
စကတည်းက
အများကြီး မမျှော်လင့်ခဲ့ရိုး အမှန်ပါ
ကျွန်တော် ချစ်သလို မချစ်နိုင်ရင်တောင်
ခွေးလေးတွေ ကြောင်လေးတွေကို
(ကျွန်တော်) ချစ်သလောက်ပဲ ချစ်စေချင်ခဲ့တာပါ
တစ်ခါ တစ်ခါ ကိုယ့်ကိုယ်ကိုမေးတယ်
ကျွန်တော့် ဘ၀မှာ
(ခင်ဗျားထက်) အရေးကြီးဘာလဲလို့ ပေါ့
မေးခွန်း အဆုံးမှာပဲ
ကျွန်တော် ခေါင်းတွေမူးသွားတယ်
မေးခွန်းကို မဖြေနိုင်လို့ 
(ကိုယ့်ကိုယ်ကို) အ၀ါကတ်ပြတယ်
အဖြေမရှိတဲ့ မေးခွန်းအတွက်
နောက်ထပ် အ၀ါကတ်ပြတယ်
ဒီလိုနဲ့ ပဲ
ကျွန်တော် အောင်မြင်စွာ ရှုံးနိမ့်ခဲ့ရ ပြန်တာပေါ့ မိသံစဉ်ရယ်
၆)
ခင်ဗျားနဲ့ ကျွန်တော်ဟာ
ဆီနဲ့ရေလို
ကွာချင်းတိုင်း ကွာခဲ့ပါတယ် မိသံစဉ်....
(ခင်ဗျားကို ရေပေါ်ဆီလို့ မတွေးခဲ့ဖူးတာတော့ ကျွန်တော့် သစ္စာပါ)
၇)
အကျနာမှာ ကြောက်ပြီး
အမြင့်ကို မတက်ခဲ့သူပါ
လူတွေ အမြင်မှာတော့
အဖြစ်မရှိဘူးတဲ့ လေ
ထားလိုက်ပါတော့ မိသံစဉ်ရယ်
ပြောပြန်ရင်လည်း နာတယ်ထင်ကြဦးမယ်..........
ပြောင်းပြန်မှောက်ထားတဲ့  ဖန်ခွက်တစ်လုံးတောင်
သူ့ကမ္ဘာနဲ့သူ
လုံတယ်တဲ့ မိသံစဉ်
ကျွန်တော်လဲ အဲ့ဒီလို လုံခြုံမှုလေးရချင်တယ်...........
တကယ်တော့ ကျွန်တော်ဟာ ကဝေမဟုတ်ဘူး မိသံစဉ်
ကြိုးများတာချင်းတူတူ
ကျွန်တော်က ၀န်ရုပ်ပါ
ကြိုးဆွဲရာသာ ကတတ်တဲ့  ၀န် ရုပ်ပါ.....
၈)
လူဆိုတာ
ကိုယ်ကလည်း ချစ်တဲ့လူရှိမှ
ကိုယ့်ကိုလည်း ချစ်တဲ့လူရှိပါမှ
လူပီသတာတဲ့ မိသံစဉ်
အဲ့ဒီ စကားကိုကြားတော့
ကျွန်တော် လက်ချိုးရေမိတယ်
မဟန်ပါဘူး မိသံစဉ်ရယ်
ကျွန်တော် လူပီသဖို့  ကြိုးစားရဦးမယ်
ကျွန်တော်သာ
စာရေးကောင်းသူတစ်ယောက်ဇြစ်ခဲ့ရင်
ခင်ဗျားကို ချစ်တဲ့ အကြောင်းတွေ
စာတစ်တန် ပေတစ်ဖွဲ့ ရေးမိမှာပါ
အခုတော့
ဒီအတိုင်းပဲ ချရေးလိုက်ပါရဲ့
ခင်ဗျားကို ချစ်တယ် မိသံစဉ်
မပီတဲ့ လေသံ အတိုင်း စာလုံးပေါင်းလိုက်ပါရဲ့ 
ခင်ဗျားကို သိပ်ရှစ်တယ် မိသံစဉ်ရယ်..........
၉)
ဒီအချိန်ဆို
ကြယ်တွေ ပွင့်ဝေနေလောက်ပြီ မိသံစဉ်
ကျွန်တော်ကတော့
ညတွေထဲမှာ စီးနင်းခိုးကိုးရင်း
ခြေဦးတည့်ရာ လျှောက်မိနေဦးမှာပါ
အရာရာဟာ ကဝေဆန်အောင်လှနေရင်တောင်
ကျွန်တော်က ဒီလမ်းကို သွားရဦးမှာပါ
ကံမကုန်လို့  ပြန်ဆုံဖြစ်ရင်တော့
တေလေ တစ်ယောက်ရဲ့  ကြယ်စုံတဲ့ ညတွေအကြောင်း
ပုံပြင်ကောင်းအနေနဲ့ နားဆင်ရမှာပါ
၁၀)
ပြန်မဆုံတော့လည်း
ကံကုန်တယ်လို့ပဲ
မှတ်ရမှာပေါ့ မိသံစဉ်ရယ်
၁၁)
ဒါနဲ့ စကားမစပ်
ဒီနေ့ မြူတွေ ဝေတယ်မိသံစဉ်
ကျွန်တော် တို့ နောက်ဆုံးတွေ့ ခဲ့စဉ်ကလိုပေါ့...............
ရင်ညို
၂ ၂ .၂ . ၂ ၀ ၁ ၁
P.S ( ဘာလိုလို နဲ့ တစ်နှစ်တောင်ပြည့်သွားပြီ မိသံစဉ်)